နွေစပါးပေါ်ချိန် ဈေးနှုန်း ကျဆင်းနေမှုနှင့် ပတ်သက်ပြီးထုတ်ပြန်ခြင်း

post-by: 
Admin

နွေစပါးပေါ်ချိန် ဈေးနှုန်း ကျဆင်းနေမှုနှင့် ပတ်သက်ပြီးထုတ်ပြန်ခြင်း ရက်စွဲ ။ ။၂၀၁၉ ခုနှစ်၊ မေလ ၁၈ ရက်။ ၁။ ၂၀၁၉ ခုနှစ်၊ နွေစပါးပေါ်ချိန်တွင် စပါးဈေးကျဆင်းနေခြင်းနှင့် တောင်သူများ အခက်အခဲဖြစ်နေခြင်း ကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် လုပ်သင့်သော၊ စီစဉ်သင့်သော ကိစ္စများကို လုပ်ဆောင်လျက်ရှိပါသည်။ ကွင်းဆင်းဝယ်ယူခြင်းများ ဆောင်ရွက်လျက်ရှိပြီး၊ ယင်းသို့ ဆောင်ရွက်ရာတွင် သိုလှောင်ရုံ အခက်အခဲ၊ အစိုဓါတ်ရှိသည့်စပါးများအား အခြောက်ခံရန်အခက်အခဲ၊ သယ်ပို့ယာဉ် အခက်အခဲ များရှိ၍ လုပ်ငန်းတွင်ကျယ်မှု အားနည်းရခြင်းဖြစ်ပါသည်။ ဝယ်ယူသည့် စပါးများမှာလည်း အရည်အသွေးမျိုးစုံ၊ အခြေအနေမျိုးစုံ၊ အမျိုးအစားမျိုးစုံ ဖြစ်၍ ဝယ်ယူသည့်စပါးများ လေလွင့်ပျက်စီး ဆုံးရှုံးမှုမဖြစ်စေရေးအတွက် လုပ်ဆောင်ရာတွင် အခက်အခဲများစွာနှင့် ကြုံတွေ့ရ သော်လည်း ပုဂ္ဂလိက အသင်းအဖွဲ့ ဖြစ်သည့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်အနေဖြင့် အစွမ်းကုန် ညှိနှိုင်းဆောင်ရွက်လျက် ရှိပါသည်။ အချိန်တိုအတွင်းစုပြုံ ပေါ်ထွက်လာသော စပါးများကို ပြည်တွင်း/ပြည်ပ ဈေးကွက်အခြေအနေ ပုံမှန်မဟုတ်သောကာလတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အသင်းဝင် ဆန်စက်များ၊ ကုမ္ပဏီ များအနေဖြင့် တတ်နိုင်သမျှ ကြိုးစားဝယ်ယူပေးလျက်ရှိပါသည်။ လျှပ်စစ်မီး ပြတ်တောက်မှုများကြောင့် ဆန်စက်လုပ်ငန်းများအနေဖြင့် စက်ပုံမှန် မလည်ပတ်နိုင်သော အခြေအနေသည် လက်ရှိဆန်စပါး ဈေးကွက် အပေါ် ကြီးမားစွာ သက်ရောက်မှုရှိနေပါသည်။ ၂။ နယ်စပ်မှ အရောင်းအဝယ် အလွန်နည်းခြင်းနှင့် Export ကျဆင်းခြင်းတို ့ကြောင့် ယခုအခြေအနေ သည် ပုဂ္ဂလိက သက်သက်ဖြင့်သာ ဆောင်ရွက်လို့မရကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပါဝင်ကူညီ ဆောင်ရွက်ပေးဖို့လိုကြောင်း၊ နိုင်ငံတော်အစိုးရအား ၂၀၁၉ခုနှစ် မတ်လ ကတည်းက တင်ပြအကြံပြု ထားပါသည်။ အခြေခံဈေးနှုန်းကို မကြေညာမီနဲ့ ကြေညာပြီးကာလတွင်လည်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်ပေးသင့်သည့် ကိစ္စများကို ၂၀၁၈ ခုနှစ်ကတည်းက သက်ဆိုင်သည့် ဝန်ကြီးဌာနများအား တင်ပြ အကြံပြုထားပါသည်။ ၃။ လက်ရှိ ဆန်စပါးဈေးကွက်အခြေအနေ တည်ငြိမ်စေရေးနှင့် စပါးစိုက်တောင်သူများ မျှော်လင့်သော ဈေးနှုန်းများ ရရှိရေးအတွက် နိုင်ငံတော် အစိုးရ၏ မူဝါဒပိုင်းဆိုင်ရာ ဝင်ရောက်ကူညီပေးမှုနှင့် တောင်သူ လယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေအရလည်းကောင်း၊ တောင်သူ လယ်သမားများ အတွက်ထားရှိသော သဘောထားဆန္ဒ၊ Political Will အရလည်းကောင်း၊ ငွေကြေး ဆိုင်ရာ အကူအညီ၊ ဈေးကွက် တိုးမြှင့်ရှာဖွေပေးခြင်းဆိုင်ရာ အကူအညီတို့ဖြင့် နိုင်ငံတော်အစိုးရ အပိုင်းမှ ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါသည်။ ယင်းသို့ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်အနေဖြင့် အနေဖြင့် အစွမ်းကုန် တိုက်တွန်းပြောကြားလျက် ရှိပါကြောင်း ထုတ်ပြန်အပ်ပါသည်။

Powered by Drupal